ဝသန်ကာလ မိုးကျတည့်လျှင်


ခေတ်ညောင်ရမ်းခေတ်
ကဗျာ အမျိုးအစားတျာချင်း

ဝသန်ကာလ မိုးကျတည့်လျှင်

 ဝသန်ကာလ၊ မိုးကျတည့်လျှင် 
ပျော်ပျော်ပါးပါး၊ မယားနှင့်ဆွေငယ်လင် လက်တွဲငယ်ခြေငင်၊ ကိုယ်တွင်အဝတ် ပုဆိုးအင်္ကျီ စုတ်ပြဲပြီ ချည်နီဗောင်းတွတ်တွတ်ကယ်နှင့်လေး။ 

မိုးရေစွတ်လို့၊ အဝတ်ကယ်မပါ 
သားသမီးကို၊ ကိုယ်ထီးပွေ့လို့သာ 
ဆေးတံတစ်ထွာ၊ ကိုက်ကာထွန်လယ်ကွက်ကယ်တစ်ခွင်၊ ထွန်ရေးငင်
ရေဝင်ပုစွန်တွင်းငယ်နှင့်လေး။ 

ဖားပေါင်စင်းငယ်၊ ခရုပီလော၊ ကာ၍ သာလွယ် ဟင်းရွက်ကယ် နုနယ်၊ တစ်သွယ်ကန်စွန်း ဆူးပုပ်ကယ် ကင်းပုံ၊ အလုံးစုံငုံသာရော၍ ပြွမ်းသည်နှင့်လေး။

ချိုလည်းချိုလွန်း၊ ရည်ရွှမ်းများစွာ ကြံဟင်း ကြွက်နားပေါင်း သောင်းပြောင်းရော၍သာ အိမ်သို့ရောက်ခါ၊ လျင်စွာချက်ပြုတ် ထမင်းကပူ၊ ဟင်းကပူ ရှူရှူသာ ရှမ်းငရုတ်ကယ်နှင့်လေး။

အလုတ်ကယ်ဧရာသာ၊ ငုံ့ကာလွေးတော့သည်။ 
သားမြေးငယ်မာချာ၊ ဘယ်ညာထွေးတော့သည်။

၁၇ရာစု                      ဝန်ကြီးပဒေသရာဇာ



Comments